<<<<အမုန်းမဲ့ရပ်ဝန်းမှ အေးမြသောမေတ္တာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါ၏။>>>>

 ကျွန်တော်နှင့် အနုပညာ (၂)


ကျွန်တော့်ရဲ့ အနုပညာ ခြေစလက်နကို ပထမပို့စ် (ကျွန်တော်နှင့် အနုပညာ) မှာ ရေးခဲ့ပြီးပါပြီ။ ဒါကတော့ ကျွန်တော့်ရဲ့ ဒုတိယခြေလှမ်းလေးပါ။ ရှေ့မှာ ချောက်ရှိမှန်းသာ ဒီကောင်ကြီး ကြိုသိခဲ့ရင် ဒီခြေလှမ်းကို လှမ်းချင်မှ လှမ်းပါလိမ့်မယ်။ ခုတော့ဗျာ။ ဖြစ်ပုံက ဒီလိုရယ်…..။

      ကျွန်တော် ရှစ်တန်းကျောင်းသား ဘဝတုန်းကပေါ့။ အဲဒီနှစ်ကျမှ ထူးထူးခြားခြား ကျောင်းသားစုံညီပွဲတော်တွေကို ကျောင်းတိုင်းမှာ လုပ်ရပါတယ်။ အဲဒီတော့ အတန်းတိုင်းက ဖျော်ဖြေရေးအတွက် အကယိမ်း နှစ်ယိမ်းမှ သုံးယိမ်းအထိ တာဝန်ယူရပါလေရောဗျာ။ ဒီတော့ ကျွန်တော်တို့ အဋ္ဌမတန်းက သုံးယိမ်းတာဝန်ယူရပါတယ်။ ဒီသုံးယိမ်းမှာ ထူးထူးခြားခြား ဟာသယိမ်းလေး တစ်ယိမ်း ပါလာလေရဲ့။ ဒါနဲ့ပဲ ဆရာမတွေက အတန်းထဲမှာ မျက်ခွက်အပြောင်ဆုံး ကောင်တွေကို စာရင်းပြုစုပြီး လက်ရွေးစင်ကိုးကောင်ကို နံမည်တပ်ခေါ်ပြီး နားနေခန်းကို ခေါ်လိုက်ပါတယ်။ တန်းခွဲလေးတန်း ရှိတဲ့အထဲက မျက်နှာပြောင်တဲ့ ဂဂျောင်စာရင်းထဲမှာ ဒီကောင်ကြီးလည်း ပါသွားတာပေါ့ဗျာ။ ဆရာမတွေက နင်တို့ ကကြမလား ဟာသယိမ်းဆိုတော့ သိတဲ့အတိုင်းပဲ အကုန်လုံးက ဂျပေတွေမို့လား။ စာသင်ခန်းမဝင်ရ ပြီးရောဆိုပြီး အားတက်သရောကြီး ခေါင်းညိတ်ကြပါတယ်။ ကျွန်တော်လည်း ငါးတန်းတုန်းက အတွေ့အကြုံက ရှိပြီးသားလေ။ တီးချင်ရာတီး ကချင်ရာကပြီး ကျောင်းခေါ်ချိန် အပြည့်ရတာ နည်းတဲ့ အခွင့်အရေးကြီးလားဆိုပြီး ဘာယိမ်းလဲ ဘယ်လိုကရမှာလဲတောင် မေးမနေတော့ပဲ ခေါင်းကို သွက်သွက်ကြီး ညိတ်လိုက်ပါတယ်။ ဒါနဲ့ ဆရာမတွေက နင့်တို့ကရမှာ ဗွေးတုတ်ယိမ်းတဲ့။ ညီအောင် တစ်လလောက်အလိုထဲက အကတိုက်ရမယ်တဲ့။ ကျွန်တော်တို့အားလုံး ကြိတ်ပျော်သွားကြပါတယ်။ တစ်လကြီးများတောင် ကျောင်းစာနဲ့ဝေးမှာဆိုတော့ ဦးနှောက်အေးပြီပေါ့ဆိုတဲ့ အတွေးနဲ့လေ။ အဲဒီအပျော်လေးတွေဟာ စပြီး အကတိုက်တဲ့နေ့မှာပဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါလေရော။ ကျွန်တော့တို့ထင်ထားသလို ထင်ရာမြင်ရာ ကရမှာမဟုတ်ဘူးဆိုတာကို ငှါးထားတဲ့ အကနည်းပြဆရာမကို မြင်လိုက်တဲ့အခါမှ သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း စာသင်ခန်းဝင်ရမှာထက်စာရင် ဘာဖြစ်ဖြစ် တန်တယ်ဆိုတဲ့ အတွေးလေး ပြန်ဝင်လာပြီး စိတ်ထဲမှာ ကြည်နူးကျေနပ်သွားပြန်ပါတယ်။ အကဆရာမက ကျွန်တော့တို့ကမယ့် ယိမ်းအကြောင်းကို ရှင်းပြပါတယ်။ ကျေးလက်မိန်းမငယ်လေးများရဲ့ ကြက်ဖခွပ်တမ်း ကစားတဲ့ ချစ်စရာ တောဓလေ့လေးကို ဖော်ကျူးထားတဲ့ ယိမ်းကကွက်လေး ဖြစ်တယ်ပေါ့။ အဲတော့ ကိုးယောက်ထဲမှာ သာအေးလုပ်မယ့်ကောင်ကလွဲပြီး ကျန်တဲ့ကောင်တွေက မိန်းမလို ကရမယ်ဆိုပြီး အနုပညာဆိုတာ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့ ရှင်းပြပါတယ်။ ဒီကကောင်တွေကလည်း နားသာထောင်နေတာ။ နွားပလာတာကျွေး၊ ဖားဘီယာတိုက်၊ ခွေးဂစ်တာတီးပြနေသလိုပါပဲ။ ခေါင်းသာညိတ်နေတာ ဘာမှနားလည်ဘူးရယ်။ ကွမ်းတစ်ရာညက်ခန့်လောက်ကြာတော့ စကမယ်ဆိုပြီး သီချင်းတစ်ကြောင်းဖွင့်လိုက်၊ ကပြလိုက်၊ လိုက်ကခိုင်းလိုက်၊ ခွေကို ပြန်ရစ်လိုက်နဲ့ ချာလပတ်ရမ်းနေပါတော့တယ်။ သူနဲ့တူအောင် လိုက်လုပ်ဆိုတော့ ကျွန်တော်တို့မှာ မရှိမဲ့ ရှိမဲ့ ဖင်လေးကို နငယ်(န)လို ကောက်ချိတ်ပြီး ထားရပါတယ်။ ရင်ဘတ်ကိုလည်း တတ်နိုင်သမျှ ကော့ထားရပြီး ခေါင်းလေးကိုလည်း အသာမော့ထားရပါသေးတယ်။ ပြီး ကတော့ ကတာနဲ့မတူဘူး။ ဗျိုင်းများ ပျံနေသလိုပဲ။ အဲလိုနဲ့ ဆရာမတစ်ယောက်တော့ ကျွန်တော်တို့ တစ်သိုက်ကို သင်လိုက် တခြားယိမ်းနှစ်ယိမ်းကိုသင်လိုက်နဲ့ပဲ သုံးပတ်လောက်အတွင်းမှာ ညီညီညာညာ ဖြစ်လာလေတော့တယ်။ စုံညီပွဲ ကျင်းပဖို့ တစ်ပတ်လောက်အလိုမှာ ကျွန်တော်တို့ကို ဝတ်စုံပြည့် အစမ်းလေ့ကျင့်ရမယ်ဆိုပြီး အဝတ်အစားတွေ ယူလာခိုင်းပါတယ်။ အဲဒီမှာ စတွေတာပါ။ ဒုက္ခနဲ့ လှလှကြီးနဲ့။ ကျွန်တော့်မှာက အမတွေ ညီမတွေမှ မရှိတာ။ အမေ့အဝတ်အစားတွေယူဝတ်ဖို့ကလည်း အမေ့က ကျွန်တော့် သုံးဆလောက် ဝပါတယ်။ သူငယ်ချင်းတွေဆီက ငှားဝတ်ဖို့ကျတော့လည်း ဘယ်ကဘယ်လိုစပြောပြီး ငှားရမှန်းက မသိနဲ့။ အဲဒီမှာ ကံကောင်းချင်တော့ အမေက သူမင်္ဂံလာဆောင်တုန်းက ဝတ်တဲ့ အဝတ်အစားတွေကို ထုတ်လားပြီး သူအပျိုတုန်းက ပိန်ပိန်လေးရယ်ဆိုပြီး ဝတ်ကြည့်ခိုင်းပါတယ်။ ဝတ်ကြည့်လိုက်တော့ အတော်ရယ်ဗျ။ လူမိုက်ကံကောင်းပဲ ပြောပါတော့ဗျာ။ အဝတ်အစားက အဆင်ပြေသွားပြီဆိုတော့ စိတ်အေးသွားတာပေါ့။ ကျောင်းရောက်ရင် အဝတ်အစားလေးကောက်လဲပြီး ကလိုက်ရုံပဲ ရှိတော့တာကိုး။ ဟိုရောက်တော့ ထင်ထားသလို မဟုတ်ဘူးရယ်။ အကဆရာမက မိတ်ကပ်ဗူးကြီး ယူလာပြီး လက်စွမ်းပြတော့တာပါပဲ။ မိတ်ကပ်လိမ်းတော့ အောက်ခံဆိုတာ အရင်လိမ်းရပါဆယ်။ အဲဒါက အကြမ်းလိမ်းတာဆိုတော့ သူလိမ်းမပေးပဲ တခြားကတဲ့ ကောင်မလေးတွေကို လိမ်းခိုင်းပါတယ်။ ကောင်မလေးတွေကလည်း နဂိုကမှ ကျွန်တော်တို့ကို အမြင်ကပ်နေကြတာဆိုတော့ ဆံပင်ကနေ စုကိုင်ပြီး ပယ်ပယ်နယ်နယ် သမပါတယ်။ ကျွန်တော်တို့လည်း သံသရာကြွေးဆပ်တယ်လို့ သဘောထားပြီး အံကြိတ်ခံပါတယ်။ အဲဒါလိမ်းပြီးတော့မှ အကဆရာမက သူ့ပညာခန်းတွေ ပြပါတော့တယ်။ တခြားလူတွေကိုလိမ်းတော့ အဟုတ်။ ကျွန်တော့်ကျမှ ပြဿနာတက်ပါတယ်။ သူက မျက်တောင်မွေးကို အပြင်က ချယ်ပြီးတော့ အတွင်းကလည်း ထပ်ချယ်ဖို့လုပ်ပါတယ်။ အဲဒီမှာ ကျွန်တော့်မျက်လုံးက ကြောက်ပြီး မှိတ်မှိတ်နေတော့ ဘယ်လိုမှ ချယ်မရဘူးဖြစ်နေပါတယ်။ လက်နဲ့ဖြဲထားတာကို မရတာ။ မရရင် မလုပ်ပါနဲ့လားဆိုတဲ့ကြားက သူကလည်း မရရအောင်ကိုလုပ်တာ။ ဘယ်လိုမှ မရတဲ့ အဆုံးကျမှ လက်လျော့သွားတာ။ လက်လျော့သွားတယ်ဆိုလို့ ဇွဲနည်းတယ် မထင်လိုက်လေနဲ့။ မလုပ်ဖို့ကို ငိုမတက် ယိုမတက်ကို တောင်းပန်မှ လျော့သွားတာ။ မိတ်ကပ်လိမ်းပြီးတော့ အဝက်အစားတွေ လဲကြတာပေါ့။ ကောက်ကြောင်းလေးတွေလှဖို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးရတာပေါ့။ အဝတ်စတွေထည့်တဲ့လူကထည့်၊ ဗူပေါင်းမှုတ်ထည့်တဲ့သူကထည့်နဲ့ပေါ့။ ဒီလိုနဲ့ ခဏချင်းအတွင်းမှာ ဘုန်းကညာတပါး လုံးရာက ပြားသွားတယ် ဆိုပါတော့ဗျာ။ အဲဒီအချိန်မှာ နေရထိုင်ရတာ တယ်မလွယ်ပါဘူး။ ခွေခွေခေါက်ခေါက်နေတတ်တဲ့ ကျွန်တော်တို့လို ငပျင်းတွေအတွက် အတွင်းခံအင်္ကျီက ကျတ်စည်းထားသလို တောင့်တောင့်ကြီး ဖြစ်နေပါတယ်။ အသက်ရှူလည်း ကျပ်ပါတယ်။ ဒီကြားထဲ ဆိုးထားတဲ့ နှုတ်ခမ်းနီတွေ ပါးစပ်ထဲဝင်မှာဆိုးလို့ နှုတ်ခမ်းလေးကို ထော်ပြီး ဟထားရပါတယ်။ ဘာမှလည်း မစားရဲဘူး။ အရှင်းဆုံးပြောရရင် တံတွေးတောင်မျိုမချဘူး။ ပြီးတော့ အခန်းထဲကလည်း အပြင်မထွက်ရဲဘူး။ ထွက်လာရင် ဝိုင်းပြီး အမဲဖျက်မယ့် ဘော်ဒါတွေက အပြင်မှာ အံတကြိတ်ကြိတ်နဲ့ရယ်။ ဆရာမတွေရှိတော့ အခန်းထဲဝင်မလာရဲကြပါဘူး။ ဆရာမက စမယ်ဆိုတော့ ကျွန်တော်တို့လည်း တိုက်ထားတဲ့အတိုင်း ပညာကုန်ထုတ်ပြီး ကကြတာပေါ့ဗျာ။ ကံကောင်းတယ် ပြောရမလားပဲ။ အဲဒီနေ့က အောင်အောင်မြင်မြင်ပြီးသွားပါတယ်။

     ကျောင်းသားစုံညီပွဲတော်နေ့လည်းရောက်ရော ကျွန်တော်တို့အဖွဲ့ ကျောင်းကို အစောကြီးလာရပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ပြင်ရဆင်ရတာပေါ့ဗျာ။ ပြင်ပြီးတော့လည်း ကခါနီးအထိတောင် အပြင်မထွက်ရဲဘူးရယ်။ ရှက်လို့မထွက်တာတော့ မဟုတ်ဘူး။ ကြောက်လို့။ အပြင်မှာ ဘော်ဒါတွေက မနည်းမနောလေ။ ခင်လို့ အနမ်းခံလိုက်ရင် ဗူးပေါင်းပါ ရန်ရှာလာကြဦးမယ်။ မတော် ပေါက်သွားဘယ်လိုလုပ်မလဲ။ ကခါနီးမှထပေါက်လို့ လဲချိန်မရရင် တဖက်ပိန်နဲ့ အရှက်ကွဲဦးမယ်။ အခမ်းအနားစမှပဲ ဆရာမတွေနဲ့အတူ ကွင်းလယ်က ဇာတ်စင်ကို ဆင်မယဉ်သာခြေလှမ်းနဲ့ နွဲ့နွဲ့လေးလှမ်းပြီး ထွက်လာကြရပါတယ်။ ကျွန်တော်တို့အစဉ်ရောက်မှ စင်ပေါ်တက်ပြီးကကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တစ်ယောက်ဖြင့် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာလို့ စာသင်ခန်းမဝင်ချင်လို့ ကမယ်လုပ်ပါတယ်။ အတောင်နှစ်ဆယ်ဝတ်ကနေ သုံးတောင်ဝတ်ဘဝကို ခဏပြောင်းလိုက်ရပါတော့တယ်။





8 comments:

မိုးခါး said...

အို .. ဘာတဲ့ ဆိုတဲ့အကလား :D

မိုးခါး said...

ပုံလေးတွေက ပျက်တောင်နေပြီနော်.. နှမြောစရာ ..း)

တောင်ပေါ်သား said...

ငါကပုံကို အရင်ကြည့်လိုက်တယ် အ၀ါရောင် ကောင်မလေးထင်တယ် အဲမှားလို့ ကောင်ကလေး ထင်တာပဲလေ အဟေးဟေးးးးး ယိမ်းလဲ ရတယ်ပေါ့လေ ဘာတဲ့ ဟေးးးးးးးးးးးးးး

လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

လှချက်ကတော့ ကမ်းကုန်ပဲ တော်...နောင်တခါ တွေ့ရင် ကပြရမယ် နော်..နော်..

တလနွန် said...

ကွေးနေတာပဲ ကတာ ဟီးဟီး. စာရေးထားတာနဲ့  ပုံကြည့်ရင်း အသက်ဝင်လာတယ်ဗျို့ ..ရယ်မောခွင့်ရတဲ့အတွက် ကျေးဇူးပါ..

ခင်မင်ခြင်းများနှင့်
တလနွန်

Anonymous said...

Hello!
You may probably be very interested to know how one can manage to receive high yields on investments.
There is no need to invest much at first.
You may begin to get income with a money that usually is spent
on daily food, that's 20-100 dollars.
I have been participating in one project for several years,
and I'll be glad to let you know my secrets at my blog.

Please visit blog and send me private message to get the info.

P.S. I earn 1000-2000 per day now.

http://theinvestblog.com [url=http://theinvestblog.com]Online Investment Blog[/url]

Dream said...

ဟားဟားဟား....ဖုံးကညာတပါး လုံးရာက ပြားတဲ့....

စာရေးထားတာနဲ့ ကွက်၂ကွင်း၂ကို မြင်သွားတယ်။ ခုချိန်မှာ ငယ်ငယ်ဘ၀ကို ပြန်စဉ်းစားရင် ပျော်စရာပဲနော်။း)

ခုလဲ အရင်လိုပဲလား မချမ်းမလေးးးးးး)

Dream said...

အ၀ါရောင်လေးက ဘယ်သူလဲ ဘယ်ကလဲ.....ဟေ့ဟေ့...ဘွေးတုတ်ရေ... ဘာတဲ့....အို...အို...း))


ပုံကိုက ပေကပ်ကပ်နဲ့.....ညည်းတော့လား...
ဟွန်းးးးး