<<<<အမုန်းမဲ့ရပ်ဝန်းမှ အေးမြသောမေတ္တာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါ၏။>>>>

 နုပျိုအသဲ ချစ်နေဆဲပါ

"တပါးသူရင် မင်းမှေးဝင်ကာ

မောင့်ရင်စုံကန် သွားမယ်ကြံလည်း

သံယောဇဉ်ထုံး မပြယ်အုံးစို့

ပြုံးရင်းနဲ့ပင် နှုတ်ဆက်ချင်သည်။"


ကြမ္မါအညိုး ရက်စက်ဆိုးရာ

မိုးလိုက်ရွာသို့ မောင့်ရင်စို့အောင်

မင်းမို့ရက်စက် လမ်းခွဲရက်လို့

ခံခက်ဒဏ်ရာ ရင်နာနာနဲ့

ဝေဒနာလမ်း ငါလျှောက်လှမ်းပြီ။


တစ်ယောက်တစ်လမ်း လျှောက်လှမ်းခွဲခွါ

ယူဇနာများ ဝေးကွာခြားလည်း

ကြားရောင်နေဆဲ မောင့်နားထဲက

ဆိုမြဲသစ္စာ မောင့်သက်ညှာ၏

သကာရောထွေး မုသားတေးကြောင့်

နွေးဆဲရင်မှာ ခုန်တိုင်းနာသည်။


ဝေးပြီအသိ ရင်ကိုထိအောင်

တွယ်ညိဝင်လာ မဖြေသာပဲ

နှစ်မွှာသဲအူ ပျက်ဟန်တူသည်

ကယ်သူနတ္ထိ ဆေးမသိပဲ

တွယ်ညိသမျှ ခံစားရပြီ။


နေ့ရက်လပြောင်း နှစ်တွေထောင်းလည်း

မဟောင်းရင်မှာ လွမ်းဒဏ်ရာနဲ့

ပြန်လာလိမ့်နိုး မျှော်ကိုးတမ်းတ

သန်းခေါင်ညတိုင် မအိပ်နိုင်ပဲ

သဲဆိုင်ကျော့မှုး မောင့်ချစ်ဦးကို

ရူမတက်ရင် စောင့်မျှော်ချင်သည်။


ပြောင်းလဲချင်းများ ထိုတရားကြောင့်

ခန္ဓာရင့်ရော် ပျိုရွယ်ကျော်၍

လင့်သော်ဇရာ မောင်အိုပါလည်း

နွေးကာနေဆဲ မောင့်ရင်ထဲက

ပျိုဆဲမေတ္တာ အကြင်နာနဲ့

မင်းပြန်မယ့်လမ်း စောင့်မျှော်လွမ်းသည်။


နုပျိုအသဲ ချစ်နေဆဲပါ။



0 comments: