<<<<အမုန်းမဲ့ရပ်ဝန်းမှ အေးမြသောမေတ္တာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါ၏။>>>>

 ကဗျာမဆန်တဲ့ ငါ့အလွမ်းးးး

ငါ့နှယ့်....
ဘဝတွေ ခါးချက်များ
လွမ်းတာတောင် ကသုတ်ကရက်နဲ့
လက်ပူတိုက် လွမ်းရတယ်

Read More

 ဇာတိမြေမှ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း


















သခင်ကိုယ်တော်မှိုင်းအား ပဲခူးတိုင်း ရွှေတောင်မြို့နယ် ဝါးလယ်ကျေးရွာတွင် အဖ ဦးစံထွန်းနှင့် အမိ ဒေါ်အုန်းတို့မှ ၁၂၃၇ခု တပေါင်းလပြည့်ကျော် ၁၄ရက် (1876 March 23 ) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်း ဟုတွင်သော်လည်း အမည်ရင်းမှာ မောင်လွမ်းမောင် ဖြစ်သည်။  ငယ်စဉ်က ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးထံတွင် ပညာသင်ယူခဲ့ရာ ကျောင်းစားဘဝမှာပင်လျင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် တို့ကို တတ်မြောက်ခဲ့ပါသည်။
မောင်လွန်း ကျောင်းသားဘဝတွင် ရွှေတောင်မြို့တွင်သာမက ဦးကြီး ရဟန်းတော်နှင့် အညာဒေသများသို့ပါ လိုက်ပါရင်း ပညာသင်ယူခဲ့သည်။ ၁၀နှစ်သားအရွယ်တွင် မန္တလေးမြို့ မြတောင်တိုက်၌ရှိနေစဉ် သီပေါမင်းအား အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့် ပါတော်မူအရေးအခင်းကြီးနှင့် ကြုံကြိုက်ခဲ့ရာ အမျိုးနှင့် နိုင်ငံအတွက် အခဲမကျေ ရှိခဲလေသည်။ ယင်းနောက် ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး စသော အထက်အညာဒေသ၌လည်းကောင်း၊ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ထံတွင်လည်းကောင်း ပညာများ ဆည်းပူးနေခဲ့သည်။
အသက်၁၉နှစ်အရွယ်တွင် ဖခင် ဦးစံထွန်း ကွန်လွန်ခဲ့သောကြောင့် လူထွက်ကာ မိခင်ကြီးအား လုပ်ကျွေးမွေးမြူရန်ကြိုးစားရင် ရန်ကုန်သို့ရောက်ရှိလာခဲ့သည်။ ထို့နောက် စာစီသမားဘဝ၊ စာပြင်ဆရာနှင့် အယ်ဒီတာကလေးတို့ဘဝ၊ ပြဇာတ်ရေးဆရာဘဝ၊ သတင်းစာဆရာဘဝ တို့ဖြင့် ကျင်လည်ခဲ့ပါသည်။ ထိုကာလအတွင်း ဇမ္ဗူကြက်သရေ ပုံနှိပ်တိုက်၌လုပ်ကိုနေစဉ် တိုက်ပိုင် ဦးမောင်ခနှင့် ဒေါ်မေလေးတို့က ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အိမ်ထောင်ချပေးခဲ့သည်။
သက္ကရာဇ် ၁၉၀၀ ကျော်ခန့်မှစ၍ မြန်မာပညာတတ်တချို့သည် မစ္စတာဆိုသည့်အသုံးအနှုန်းအား မိမိတို့မြန်မာအမည်များရှေ့တွင် တပ်၍ခေါ်ဝေါ်ကြသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတွေ့မြင်နေရသောအခါ လုံးဝနှစ်သက်ခြင်းမရှိ၊ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့်အပြင် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လည်း ဆန့်ကျင်သည်ဟု ယူဆသည်။ ထိုအချိန်တွင် ဦးကြီးရေးသားသော ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုတွင် ဇာတ်ကောင်မောင်မှိုင်းမှာ အလွန်ယုတ်မာကောက်ကျစ်လှသော လူရှုတ်လူပွေတစ်ဦးဖြစ်ပြီး အမျိုးကောင်းသမီးတို့ကို လှည့်ဖျားကာ ဥစ္စာပစ္စည်းတို့ယူငင်သူဖြစ်သည်။ ထို့ကြောင့် ဆရာကြီးသည် မစ္စတာ မောင်မှိုင်းအမည်ဖြင့် ဆောင်းပါးနှင့်ကဗျာများကို အစဉ်တစိုက် ရေးသာခဲ့ရာ မစ္စတာတပ်သူအပေါင်းသည် မစ္စတာဘဝမှ အနားယူသွားကြရလေသည်။
၁၉၂၀တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင့်သော ရန်ကုန်မြို့ ဗဟန်းရပ်ကွက်ရှိ အမျိုးသားကောလိပ်ကျောင်းတွင် မြန်မာစာပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ပေးခဲ့သည်။ နောက်ပိုင်းတွင် မြန်မာရာဇဝင် ပြောင်း၍သင်ကြားသည်။ သို့သော်လည်း အမျိုးသားကောလိပ်မှာ အမျိုးသားပညာရေးကောင်စီ၏ အထောက်အပံ့မရသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး ပိတ်ခဲ့ရလေသည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ထင်ရှားလာသော တို့ဗမာအစည်းအရုံးကို သူ၏ သြဇာတိက္ကမဖြင့် ဝင်ရောက်အားပေးကူညီခဲ့ရာ ၁၉၃၆တွင် နာယက ဖြစ်လာခဲ့သည်။ ထိုအခါ တို့ဗမာအစည်းရုံးဝင်များ၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင်အမည်ကိုခံယူခဲ့သည်။
၁၉၆၄ခုနှစ် ဇူလိုင်၂၃ရက်နေ့နံနက် ၁ နာရီအချိန်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ကွယ်လွန်ချိန်မှာ အသက် ၈၉နှစ်ရှိပြီဖြစ်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ
သခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၄င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People's Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။
၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၄င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။
ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

ပြည်ပ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ
ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တင်မြှောက်ခြင်း ခံရပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်ခဲ့သည်။ ၁၉၅၂ခုနှစ် ပီကင်းတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကြီးကိုလည်ကောင်း၊ ၁၉၅၃ခုနှစ် တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော် တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် ကိုလည်ကောင်း တက်ရောက်ခဲ့သည်။ ထို့အပြင် ၁၉၅၇ခုနှစ် သိရိလင်္ကာနိုင်ငံ ကိုလံဘိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကိုလည်း မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။
ဘွဲ့နှင့် ဆုအမျိုးမျိုး
ကိုလိုနီခေတ်အတွင်းက ရန်ကုန်ယူနီဗာစီတီ မြန်မာစာပါမောက္ခအဖြစ် တစ်လ၃၀၀ကျပ်အဖြင့် အမှုထမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ တပည့်ရင်း ဖြစ်သူပြည်ထဲရေးဝန်ကြီး ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ယူရန် ပြောဆိုသော်လည်း လက်မခံခဲ့ပေ။ ထို့အပြင် ဝေလမင်းသားအား ကြိုဆိုဂုဏ်ပြုသည့် ပိုဒ်စုံရတုအား ငွေတစ်ထောင်ပေး၍ ရေးခိုင်းသော်လည်း ရန်သူကိုချီးမွမ်းထောပနာမပြုနိုင် ဟုခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည် ထောင်စုအစိုးရမှ အင်္လကာကျော်စွာ စာပေဘွဲ့ကိုပေးအပ်ခဲ့သည်။ မကြာမီပင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆိုဗီယက်ယူနီယံမှ စတာလင် ငြိမ်းချမ်းရေးဆုကို အပ်နှင်းခဲ့ပြန်သည်။ တဖန် အရှေ့ဂျာမဏီမှ ဒေါက်တာဘွဲ့ချီးမြင့်ခဲ့ပြန်သည်။ သခင်ကိုယ်တော်မှိုင်းသည် အဆိုပါ ဒေါက်တာဘွဲ့အား များစွာနှစ်မြို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး သဘောအရသာ လက်ခံခဲ့သည်ဟု ဆိုသည်။

 ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဒီလိုပုံစံနဲ့ ဂုဏ်ပြုထားတယ်
ဓါတ်ပုံကို ဒီနေရာလေးမှ သွားယူထားတာပါ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေးစားအတုယူဖွယ်ကောင်းသော သမိုင်းကို ဒီနေရာမှ ကူးယူထုတ်နုတ်ရေးသားထားခြင်းဖြစ်ပါသည်။ အသေးစိတ် လေ့လာလိုပါက ဒီနေရာ လေးကို တစ်ချက်နှပ်လိုက်ပါ။

Read More